Print

ဗီတာမင် ဒီ (Vitamin D)

  28-Feb-2017
Preview Image

ဗီတာမင်ဒီ (Vitamin D) ၏ ထူးခြားချက်မှာ အစားအစာမှ ရရှိနိုင်ရုံမက လူ၏ ခန္ဓာကိုယ်အတွင်းအရေပြားထဲတွင် ထုတ်လုပ်နိုင်ခြင်းဖြင်သည်။

 

ဗီတာမင်ဒီ ရရှိနိုင်သည့်အစားအစာနှင့် နည်းလမ်းများ

အကယ်စင်စစ် ဗီတာမင်ဒီကြွယ်ဝသည့် အစာများမစားနိုင်သည့် တိုင် နေရောင်ခြည်ကိုသာ အလုံအလောက်ရလျှင် ဗီတာမင်ဒီချို့တဲ့မှု မဖြစ်နိုင်ပေ။ အသားလတ်သည့် လူတစ်ယောက်သည် သူ၏လက်ဝါး၊ လက်ဖျံ၊ လက်မောင်းများနှင့် မျက်နှာကို ရက်သတ္တပတ်လျှင်

(၂) ရက်၊ တစ်ရက်လျှင် ၁၅ မိနစ်မျှ နေရောင် အထိ ခံခြင်းဖြင့် ဗီတာမင်ဒီ တစ်နေ့လိုအပ်ချက်ဖြစ်သည့် ၅ မိုက်ခရိုဂရမ်ကို ရနိုင်ပါသည်။

နေရောင်ခြည် ထိတွေ့မှုများသဖြင့် ဗီတာမင်ဒီ လွန်ကဲသွားသည်ဟူ၍ မရှိပေ။ မိခင်နို့သည် အခြားအာဟာရ ဓာတ်မျိုးစုံ ကြွယ်ဝသော်လည်း ဗီတာမင်ဒီ အနည်းငယ် သာပါဝင်၏။ ထို့ကြောင့် မိခင်နို့သာစို့ရသည့် ကလေးများအား နေရောင်ခြည်ရရှိအောင် ဖန်တီးပေးရပါမည်။

 

နေရောင်ခြည်ကို အလုံအလောက် မရသူများအတွက် ဗီတာမင်ဒီကြွယ်ဝသည့် အစာများသည် အလွန်အရေးပါ၏။ သဘာဝအစားအစာများတွင် ငါးကြီးဆီသည် ဗီတာမင်ဒီ အလွန်ကြွယ်ဝ၏။ ငါးကြီးဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်မှ ရနိုင်သည့် ဗီတာမင်ဒီ ပမာဏသည် ကလေးတစ်ယောက် တစ်နေ့တာအတွက် လိုအပ်သည်ထက် ပိုများပါသည်။ မလိုင်၊ ထောပတ်၊ ဥအနှစ်များတွင်လည်း ဗီတာမင်အေ အနည်းငယ်စီ ပါဝင်နေပါသည်။ ရာသီဥတုအေး၍ နေရောင်ခြည်ကောင်းစွာ မရသောနိုင်ငံများတွင် ဗီတာမင်ဒီ ဖြည့်သွင်းပေးထားသည့် နို့၊ နို့မှုန့်တို့သည် အလွန်အရေးပါသော အစာ များ ဖြစ်ကြပါသည်။

 

ဗီတာမင်ဒီချို့တဲ့ရသည့် အကြောင်းရင်းများ

အခြား ဗီတာမင်များ ချို့တဲ့ရသည့် အကြောင်းအရင်းများတွင် ထိုဗီတာမင်များ ကြွယ်ဝသည့် အစားအစာများကို လုံလောက်စွာမစားသုံးခြင်းသည် အဓိကဖြစ်၏။ ဗီတာမင်ဒီချိုတဲ့ရသည့် အဓိကအကြောင်းအရင်းမှာမူ နေရောင်ခြည်ကို လုံလောက်စွာ မရရှိနိုင်ခြင်းဖြစ်သည်။

 

နေရောင်သာ လုံလောက်စွာရရှိပါက ဗီတာမင်ဒီချို့တဲ့မှု ဖြစ် လာမည်မဟုတ်ပေ။ ကလေးငယ်များကို အိမ်ပြင်မထုတ်ဘဲ နေရောင်မရသည့် အိပ်ခန်းထဲတွင် ရက်လကြာ ရှည်စွာထားခြင်း၊ အမျိုးသမီးများ အိမ်ပြင်ထွက်သည့်အခါ တစ်ကိုယ်လုံးဖုံးအုပ်ထား သဖြင့် နေရောင်မထိနိုင်ခြင်း၊ ရက်လရှည်ကြာစွာ ရာသီဥတုမှုန်မှိုင်းနေပြီး နေရောင်ခြည် မရခြင်း စသည်တို့သည် ဗီတာမင်ဒီချို့တဲ့ရသည့်အကြောင်းများ ဖြစ်တတ်ပါသည်။

 

ဗီတာမင်ဒီချို့တဲ့ခြင်း၏ လက္ခဏာများ

ဗီတာမင်ဒီ ချို့တဲ့ လျှင်ဖြစ်သည့်ရောဂါကို အရိုးပျော့ရောဂါဟု ခေါ်ပါသည်။ ကလေးသူငယ်များတွင် ဖြစ်သည့် အရိုးပျော့ရောဂါကို Rickets ဟူ၍လည်းကောင်း၊ လူကြီးများတွင်ဖြစ်သည့် အရိုးပျော့ရောဂါကို Osteomalacia ဟူ၍လည်းကောင်း ခေါ် ပါသည်။

 

ဗီတာမင်ဒီချို့တဲ့မှုကြောင့်မဟုတ်သော အရိုးပျော့ရောဂါ

မြန်မာနိုင်ငံ နေရာအနှံအပြားတွင် နေရောင်ခြည်ကို လုံလောက်စွာ ရနိုင်ခြင်းကြောင့် အရိုးပျော့ရောဂါသည် ပြည်သူ့ကျန်းမာရေး ပြဿနာမဟုတ်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)
ဗီတာမင်အမေးအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18